
အီတေဝန် ဟောလိုးဝင်းပွဲတော်ည ဝမ်းနည်းဖွယ်ဖြစ်ရပ် တစ်နှစ်အကြာ
ရူဖီ ခန်အတွက်တော့ တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်မှာ ကပ်ဘေးကာလ ကန့်သတ်ချက်တွေချမှတ်ခဲ့တာ ၂ နှစ်ကြာခဲ့ပြီးတဲ့နောက်မှာ ပထမဆုံးဆင်နွှဲရတဲ့ ဟော်လိုးဝင်းညပွဲတော် ဖြစ်ခဲ့ပါတယ်။
ကိုရီးယားတက္ကသိုလ် ကျောင်းသူ ရူဖီခန်ဟာ ပြီးခဲ့တဲ့နှစ် ဟော်လိုဝင်းပွဲတော်ညမှာ အသက်ဝင်လှုပ်ရှားနေတဲ့ညပျော်စရာ အီတေဝန်အရပ်မှာ သူထက်ငါ လှပဆန်းပြားအောင် ဟော်လိုဝင်း ဝတ်စုံဝတ်ထားကြသူတွေနဲ့ ဓာတ်ပုံတွေရိုက် ပျော်လို့ ရွှင်လို့ပါ။
အီတေဝန်ကနေ သူထွက်ဖို့ ကြိုးပမ်းနေခဲ့တုန်းမှာပဲ အခြေအနေတွေက ဆိုးလာပါတယ်။
အီတေဝန်လမ်းနဲ့ ဝိုင်ကီကီ ဘိချ် အရက်ဆိုင်အနီးက နောက်ဖေးလမ်းကြားတစ်ခုမှာတော့ လူလှိုင်းလုံးကြီး ပြည့်နေပြီး အီတေဝန်အရပ်ကနေ မြန်မြန်ထွက်ကြဖို့ တွန်းထိုး ထွက်နေကြပါတယ်။
“ငိုနေတဲ့ဘေးနားက ကလေးကို ကူဖို့လုပ်နေခဲ့တာ။ အဲဒီမှာ သိလိုက်ရတာက ဖိနင်းခံရမယ့်နောက်လူက ကိုယ်ဖြစ်နေတယ်ဆိုတာပဲ’’ လို့ ရူဖီက ဘီဘီစီကို ပြောပါတယ်။
“ အကူအညီ အော်တောင်းဖို့ မဖြစ်လောက်အောင် အသက်ရှုကြပ်တဲ့အထိဖြစ်ခဲ့တယ်။ အသက်ရှုရပ်တော့မယ်ဆိုတာ တွေးမိပြီး ကြောက်ခဲ့မိတယ်”
အဲဒီညဟာ ဟောလိုးဝင်းပွဲတော်ညမတိုင်ခင် စနေနေ့ညဖြစ်ပါတယ်။ ရူဖီတစ်ယောက် လူအုပ်ကနေ ဝေးရာပြေးပြီး ဝိုင်ကီကီထဲကို ဝင်ပါတယ်။ အဲဒီအရက်ဆိုင်ဟာ လမ်းကြားထောင့် ကုန်းမြင့်လေးပေါ်မှာ ရှိပါတယ်။ အီတေဝန်ဘူတာကိုရောက်ဖို့ လူအုပ်ကြီးကို ထိုးဖောက်ပြီး မထွက်ခင် တစ်နာရီလောက် သူ အဲဒီမှာ နားခဲ့ရပါတယ်။
“နောက်ဖေးလမ်းခပ်ကျဥ်းကျဥ်းကို ဖြတ်မှပဲ (လူအုပ်)ကနေ လွတ်အောင်ထွက်ဖို့လိုတယ်ဆိုတာကို ကျွန်မရော သူငယ်ချင်းရော သဘောပေါက်ခဲ့တယ်။ ရွေးစရာလည်းမရှိဘူးလေ။ လူအုပ်ထဲကို ထပ်ဝင်မယ်ဆိုရင် ကျွန်မတို့ နောက်တစ်ခါ ထပ်ပြီး ဖိသိပ် ကြပ်ညပ်မယ်ဆိုတာကိုပေါ့" လို့ ရူဖီက ပြောပြပါတယ်။
ဒီတစ်ခေါက်ကတော့ ည ၉ နာရီခွဲခန့်ပါ။ လူတွေ အတုံးအရုန်းသေဆုံးတဲ့လူအုပ်ပြိုကျမှုမတိုင်ခင် မိနစ် ၃၀ နီးပါး အလိုပါ။ ရာဖီတစ်ယောက် လွတ်အောင်ထွက်ဖို့ လုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် နာရီဝက်ခန့်အကြာမှာတော့ ရူဖီ ရှိခဲ့နေရာကို ရောက်နေခဲ့ကြသူတွေက ဆွီဒင်ခရီးသွားစာရေးဆရာမ ဆီယာ ပတ်ထရစ်ရှာ လီဂျာနဲ့ ခင်ပွန်းဖြစ်သူတို့ဖြစ်ပြီး တွန်းကြတိုးကြတဲ့အခြေအနေကနေ လွတ်အောင် သူတို့ ကြိုးပမ်းနေခဲ့ကြပါတယ်။
“လူတွေပြုံလာမှာကို ကျွန်မတို့ သတိထားမိလိုက်တယ်။ လူတိုင်းကလည်း (အဲဒီလမ်း)ကို ဖြတ်နိုင်ရေးပဲ ဦးတည်နေကြတာဆိုတော့ ပိုပြီးတော့တောင် လူတွေကြပ်သွားတယ်။ ရုတ်တရက် ကျွန်မ လမ်းလျှောက်လို့ မရတော့ဘူး။ လူအုပ်ပြိုတာက အဲဒီလမ်းထဲမှာပဲဖြစ်ခဲ့တာပါပဲ” လို့ စီယာက ပြောပါတယ်။
“လူပေါင်း ၁၆၀ နီးပါးသေဆုံးသွားတဲ့နေရာနဲ့ ခြေတစ်လှမ်းသာသာပဲရှိခဲ့တယ်ဆိုတဲ့ ခံစားချက်ကြီးက နည်းနည်းကျန်နေတုန်းပဲ”


လူထိခိုက်သေဆုံးတဲ့အထိမဖြစ်ခင် တဖွဲဖွဲရောက်လာနေခဲ့ကြတဲ့လူအုပ်ကြီးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ရော၊ အစိုးရပါ စနစ်တကျ ထိန်းချုပ် စီမံနိုင်ခဲ့တာ မရှိခဲ့ပါဘူး။
လူအုပ်ပြိုကျမှုမဖြစ်ခင်မှာ လူတွေက ရဲအထူးဖုန်းလိုင်း ၁၁၂ ကို ဖုန်း ၁၁ ကြိမ်အထိခေါ်ပြီး သတိပေးခဲ့ကြပါတယ်။
အခုတော့ အီတေးဝန်ဟာ အူလ်ဖာ အယ်လ် ဟာနစ် စိတ်ကူးထဲမြင်ယောင်ထားတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ “Itaewon Class” ထဲက အီတေးဝန်လိုမဖြစ်တော့ပါဘူး။
အင်ဒိုနီးရှားသူလေး အူလ်ဖာဟာ အဲဒီဇာတ်လမ်းတွဲမြင်ကွင်းတွေထဲက နေရာတွေကို အပြင်မှာတကယ်မြင်လိုဇောနဲ့ တောင်ကိုရီးယားကို လာလည်ခဲ့သူဖြစ်ပြီး အခုတော့ သူ့စိတ်နှလုံး ကြေကွဲရပါတယ်။
အူလ်ဖာတစ်ယောက် အသက်ရှုဖို့ ခက်ခဲတဲ့အထိဖြစ်သလို ခြေထောက်မြေကြီးမထိဘဲ လူအုပ်ကြီးက ဆွဲခေါ်သွားတာကို ခံခဲ့ရပါတယ်။
“လူအုပ်က ကိုယ့်ကို ညာဘက်တွန်းပို့ရင် အဲဒီအတိုင်းပဲ လိုက်ယိမ်းရတယ်။ လူအုပ်က ကိုယ့်ကို ရှေ့တွန်းရင် ကိုယ်လည်း လိုက်တွန်းသလို ပါသွားရော’’ လို့ အူလ်ဖာက ဘီဘီစီကို ပြောပါတယ်။
လမ်းပိုရှင်းတဲ့ဆီရောက်အောင် လမ်းထောင့် အမှိုက်ပုံးတွေကို ဘေးဖယ်၊ လမ်းလယ်အဟန့်အတားကို ကျော်တက်ပြီး လူအုပ်နဲ့ဝေးရာကို မရောက်ခင်မှာပဲ အူလ်ဖာနဲ့ သူငယ်ချင်းတွေ လူစုကွဲခဲ့ပါတယ်။
“သတင်းထောက်တွေနဲ့ စကားမပြောချင်လောက်အောင် အရမ်းကို ဝမ်းနည်းမိခဲ့တာမျိုးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ပြောလို့အဆင်ပြေပါပြီ’’ လို့ သူကပြောပါတယ်။




အခုနှစ်အစောပိုင်းတုန်းကတော့ ကိုရီးယားအထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဟာ လမ်းကြားနဲ့ သူ့နားက အခြေအနေကို ရိုက်ထားတဲ့လုံခြုံရေးကင်မရာ ရုပ်သံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ လူအုပ်ဟာ ပုံမှန်အခြေအနေထက် ၆ ဆလောက်အထိ များနေခဲ့တယ်လို့ သူတို့ကောက်ချက်ချပါတယ်။
ဝမ်းနည်းစရာဖြစ်ရပ်ဆိုးဟာ ကမ္ဘာ့စားသောက်တန်းလမ်းပေါ်က လူတစ်ချို့ တဖြည်းဖြည်းမြင့်တက်သွားတဲ့ လမ်းကြားထဲ ဒရွတ်ပါသွားရာကနေ နောက်ထပ်လူတော်တော်များများလည်း ခပ်မြန်မြန်လဲကျကုန်ပြီး လူအုပ်ပိမှု ဖြစ်ခဲ့တာပါ။
၂၂.၂၅ မိနစ်ခန့်မှာ တစ်မိတာပတ်လည်မှာ လူ ၁၀ ဦးကျော်လောက်အထိ ကြပ်နေပြီဖြစ်ပြီး အဲဒီအခြေအနေမှာ အသက်ရှုရကြပ်တာ၊ ကိုယ်တွင်းအင်္ဂါတွေပျက်စီးတာနဲ့ အသက်ရှုပ်ရပ်တာတွေအထိ ဦးတည်နိုင်ပါတယ်။ ကျွမ်းကျင် ပညာရှင်တွေကတော့ လူတွေ ပြွတ်ညပ်သွားပြီး ကိုယ်တိုင်လမ်းလျှောက် လှုပ်ရှားလို့မရတဲ့အခါ ‘‘လူလှိုင်းရိုက်ခတ်မှု’’ ဖြစ်ပြီး ဟန်ချက်ပျက်ယွင်းမှုဖြစ်စေတယ်လို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံ၊ အိုးပန်း ဆိုက်ဘာတက္ကသိုလ်က မီးဘေးအန္တရာယ်ဘေးကင်းမှု လေ့လာရေးပညာရှင် ပါမောက္ခ ဘတ်ဆောင်ဂျူးကတော့ “လူတစ်ယောက်ချင်းစီကို လူ အယောက် ၂၀ စာလောက်နဲ့ညီမျှတဲ့ ကိုယ်အလေးချိန်လောက်က ဖိထားသလိုဖြစ်တယ်။ သိပ်ကို လေးလွန်းလို့ ကယ်ဆယ်ရေးသမားတွေတောင် သူတို့ကို လှမ်းမဆွဲထုတ်ရဲဘူး’’

ဘယ်သူ့မှာ တာဝန်ရှိလဲ၊ သောကပွေရတဲ့မိသားစုတွေ ဘာဖြစ်သွားပြီလဲ
တောင်ကိုရီးယား အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဟာ လူသေဆုံးမှုဖြစ်ခဲ့တဲ့ ဒီလူအုပ်ဖြစ်ရပ်ဆိုးကို ၇၄ ရက်ကြာ စုံစမ်းခဲ့အပြီးမှာတော့ လူသေစေလောက်အောင် တာဝန်ဝတ္တရားပျက်ကွက်မှုအပြင် အခြားပုဒ်မတွေနဲ့ပါ အစိုးရအရာရှိ ၂၃ ဦးကို တရားစွဲဆိုဖို့ တရားရေးဌာနဘက်ကို လွှဲပြောင်းခဲ့ပါတယ်။
လူအုပ်ပိမှုဟာ အာဏာပိုင်တွေ ဖြစ်ရပ်ဆိုးဟန့်တားနိုင်ရေးအစီအမံတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တာနဲ့ အရေးပေါ် အခြေအနေ တစ်ရပ်ကို အလျှင်အမြန်တုံ့ပြန်ဖို့ မလုပ်ခဲ့တာကြောင့်ဖြစ်တဲ့ ‘‘လူကြောင့်ဖြစ်တဲ့’’ဖြစ်ရပ်ဆိုးလို့ ကောက်ချက်ချခဲ့ပါတယ်။
တစ်လနီးပါးအကြာ လူထုဖိအားပေါ်ခဲ့အပြီးမှာတော့ ကိုရီးယားလွှတ်တော်ဟာ ပြည်ထဲရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဝန်ကြီး လီဆန်းမင်းကို စွပ်စွဲပြစ်တင်မှုပြုလုပ်ပြီး အီတေဝန်ဖြစ်ရပ်ဆိုးအတွက် တာဝန်ခံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လမှာတော့ ‘‘အီတေဝန်ဖြစ်ရပ်ဟာ အကြောင်းစုံကြောင့်ဖြစ်ခဲ့တာ။ လူတစ်ဦးတစ်ယောက်ကြောင့်မဟုတ်ဘူး’’ လို့ဆိုပြီး အဲဒီစွပ်စွဲပြစ်တင်မှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။

ပူဆွေးရတဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ အဲဒီမှာတင်ရပ်မနေပါဘူး။ ဒီဖြစ်ရပ်ဆိုးနောက်ကွယ်က အမှန်တရားကို ထုတ်ပြဖို့ အစိုးရကို ဆက်လက်တိုက်တွန်းနေပါတယ်။
ဧပြီလမှာတော့ ဒီဖြစ်ရပ်ဆိုးနောက်ကွယ်က အမှန်တရားကို စုံစမ်းဖို့၊ ကျန်ရစ်သူမိသားစုဝင်တွေရဲ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ အနာဂတ်မှာ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်အောင် ဟန့်တားနိုင်မယ့် ဘေးကင်းလုံခြုံမှု အစီအမံတွေရှိဖို့ တိုက်တွန်းတဲ့ အထူးဥပဒေမူကြမ်းတစ်စောင်ကို လွှတ်တော်ကို တင်ခဲ့ကြပါတယ်။

အတိုက်အခံလွှတ်တော်အမတ်တွေက ဒီဥပဒေမူကြမ်းဟာ အမြန်ဆွေးနွေးသင့်တဲ့မူကြမ်းဆိုပြီး မျက်နှာစုံညီဆွေးနွေးတာတွေလုပ်ခဲ့ပြီးဖြစ်ပေမဲ့ ကိုရီးယားလွှတ်တော်ဟာ အဲဒီဥပဒေမူကြမ်းကို အတည်မပြုနိုင်သေးပါဘူး။
အီတေဝန်ကို သွားလည်ဖို့ ဘေးကင်းပါရဲ့လား
အီတေဝန်ဖြစ်ရပ်ဆိုးဖြစ်ပြီးတဲ့နောက် ကိုရီးယားအစိုးရဟာ လူအုပ်စုလာတဲ့အခါဖြစ်လာနိုင်တဲ့အခြေအနေကို ချင့်တွက်လေ့လာတာတွေ လုပ်ဖို့ ခြေလှမ်းလာပေမဲ့ ‘‘တိုးတက်မှုနှေးကွေးနေတုန်းပဲ’’လို့ ပါမောက္ခ ဂျူးက ပြောပါတယ်။
အဲဒီခြေလှမ်းအနည်းငယ်ထဲက တစ်ခုကတော့ လူအုပ်စုတစ်ခုထက်မနည်းအခြေအနေကို ချင့်တွက်တဲ့နည်းလမ်းဖြစ်ပြီး အဲဒါကိုတော့ ဆိုးလ်မြို့တော်အစိုးရနဲ့ချိတ်ဆက်ထားတဲ့ ဆိုးလ်နည်းပညာအင်စတီကျူ့ကနေ ဒီဇိုင်းထုတ်ထားပါတယ်။
တဖက်မှာတော့ ကိုရီးယားလူမှုအသိုက်အဝန်းဟာ လူအုပ်သိပ်သည်းမှုနဲ့ လူအုပ်ပြိုမှုဖြစ်နိုင်ခြေအန္တရာယ်တွေကို သတိရှိလာပြီဖြစ်ပါတယ်။ ကျောင်းတွေမှာဆိုရင် ဆရာတွေက ကလေးတွေကို အသက်ရှုရပ်သူတွေကို အသက်ရှုအောင် အရေးပေါ်ပြုစုနည်းတွေကို ဘယ်လိုလုပ်နိုင်တယ်ဆိုတာကို သင်ကြားပြသနေပါတယ်။
လူထု၊ ပွဲစီစဥ်သူတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ‘‘လမ်းတွေ၊ မြေအောက်ဘူတာတွေ၊ အားကစားရုံတွေနဲ့ ပွဲကျင်းပတဲ့နေရာတွေမှာ ရောက်လာနိုင်တဲ့လူအုပ်အခြေတစ်ရပ်ရပ်ကို ကြိုတင်တွက်ဆပြီး တိုင်ပင်ညှိနှိုင်းတာနဲ့ ကနဦးလေ့လာသုံးသပ်ချက်တာတွေကို စေတနာအလျောက် ဆောင်ရွက်ပေးတာတွေလည်း ရှိလာပါတယ်’’
ပါမောက္ခဂျိုးအပြောအရဆိုရင် ကိုရီးယား လူမှုအသိုက်အဝန်းဟာ အတိတ်ကနေ သင်ခန်းစာယူနေတယ်ဆိုတဲ့အချက်က ရှင်းရှင်းလင်းလင်း မြင်သာနေပါတယ်။ ဒီလိုသုံးသပ်မှုတွေကပဲ နောက်ထပ် ဝမ်းနည်းစရာ အီတေဝန်ဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်လာအောင် ဟန့်တားနိုင်မှာဖြစ်ပါတယ်။
“အီတေဝန်အရပ်ဟာ နိုင်ငံခြားသားတွေသွားလည်လို့ အန္တရာယ်များတဲ့အရပ်မဟုတ်ပါဘူး” လို့ ပါမောက္ခဂျူးက ပြောပါတယ်။

တစ်နှစ်ကြာပြီးနောက် ...
အီတေဝန်က အရင်နဲ့ မတူတော့ပါဘူး။ အီတေဝန်ဘူတာရုံ ထွက်ပေါက် အမှတ် ၁ က ထွက်လာပြီး ဟယ်လ်မီတန်ဟိုတယ်အထိ ဆက်လျှောက်လာ၊ အဲဒီနောက် ညာဘက်ကို ချိုးလိုက်ရင် လူတွေသေဆုံးခဲ့တဲ့ နောက်ဖေးလမ်းကြားကိုရောက်ပါတယ်။ အဲဒီရောက်တဲ့အခါ ထောင်ထားတဲ့ဆိုင်းဘုတ်ကြီး ၃ ခုကို မြင်ရပါမယ်။ အဲဒါဟာ သေဆုံးခဲ့သူတွေကိုအောက်မေ့တသဖို့နဲ့ သူတို့အတွက် ဝမ်းနည်းကြောင်းပြသဖို့ နေရာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ လူတွေဟာ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးကို မေ့ကြမှာမဟုတ်တော့ပါဘူး။

အဲဒီနေရာတဝိုက် ဆက်ပြီးလိုက်ကြည့်ရင်တော့ အရင်ကထက် ၅ ဆအထိပိုလာတဲ့ လုံခြုံရေးကင်မရာ ၁၇ လုံးအထိ တပ်ဆင်ထားတာကိုတွေ့ရပါမယ်။
ကျန်ရစ်သူမိသားစုအတွက်တော့ ဒီဖြစ်ရပ်ဟာ သူတို့ကို ခြောက်လှန့်နေတုန်းဖြစ်သလို ဖြစ်ရပ်ဆိုးကနေလွတ်ခဲ့တဲ့ ရူဖီနဲ့ စီယာတို့အတွက်ဆိုရင်တော့ ဒီဝမ်းနည်းစရာဖြစ်ရပ်ဟာ ကာလရှည်စွဲကျန်ရစ်နေတဲ့စိတ်ဒဏ်ရာဖြစ်နေဆဲဖြစ်ပါတယ်။
အစောပိုင်းမှာတော့ ရာဖီဟာ သူ့ရဲ့ထိတ်လန်မှုကို ကျော်လွှားဖို့ရာ မစွမ်းသာခဲ့ပါဘူး။ ရက်အနည်းငယ် မအိပ်နိုင်ဖြစ်ခဲ့ရသလို ကျောင်းကိုရော၊ လူမှုကွန်ရက်ကိုပါ နားခဲ့ပါတယ်။ ‘‘အသက်ရှင်နေရကိုက အပြစ်လို့ခံစားမိတဲ့ခံစားချက်ကြီးက မမေ့နိုင်ဖြစ်ခဲ့ရတယ်’’ လို့သူက ပြောပါတယ်။
“အခု တစ်နှစ်နီးပါးကြာလာတော့ နေသာထိုင်သာရှိပြီး ပုံမှန်ဘဝကို ပြန်သွားနေပေမဲ့ တခါတခါတော့ သတိပြန်လည်လာတုန်းပဲ”
စီယာလည်း တောင်ကိုရီးယားကို ဒီနှစ်အောက်တိုဘာလမှာသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဆိုးလ်မြို့က ညမီးရောင်စုံအလှနဲ့ပြည့်နေတဲ့အဲဒီနေရာကို သွား မသွားဆိုတာတော့ သူမဆုံးဖြတ်ရသေးပါဘူး။
“အီတေဝန်က ဝမ်းနည်းစရာနေရာဆိုလည်းဟုတ်တယ်။ ဟုတ်လားဆိုတော့လည်း မဟုတ်တော့ပြန်ဘူး။ ကျွန်မ မပြောတတ်သေးဘူး။ ရောက်ရင်သွားဖြစ်မလား မသွားဖြစ်မလား မသေချာပါဘူး။ ခံစားချက်က ထူးဆန်းနေတုန်းပဲ’’ လို့ စီယာကပြောပါတယ်။
“လူတွေအသံ၊ လူနာတင်ယာဥ်အသံတွေက အီတေဝန်ကိုအမှတ်ရနေစေတုန်းပဲ” လို့ စီယာက သူ့စိတ်ဒဏ်ရာကို လှစ်ပြပါတယ်။